Thursday 24 February 2011

စိတ်ဖိစီးမှု့ တွေလျှော့ပါးစေဖို့ 

အရှိန်အဟုန်နဲ့ တိုးတက် ပြောင်းလဲနေတဲ့ ခေတ်ရေစီးကြောင်းမှာ ကျောင်းသားလည်း ကျောင်းသားအလျောက်၊ အလုပ်သမားလည်း အလုပ်သမား အလျောက် နိစ္စဓူဝ လှုပ်ရှားရုန်းကန် နေကြရတာပါ။
အဲဒီအခါမှာ စိတ်ဖိစီးမှုတွေနဲ့ နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင် လာကြရပါတယ်။ စိတ်ဖိစီးမှုတွေ နေ့စဉ် ခံစား နေရသူများ အတွက် နည်းလမ်း တချို့ မျှဝေ ပေးထားတာတွေ့ သက်ထားကလဲနောက်တဆင့် ထပ်မံမျှဝေလိုက်ပါရစေ။

(၁) အိပ်ရေးဝအောင် အိပ်စက်ပါ။

လူတစ်ယောက်ဟာ အနည်းဆုံး ၆ နာရီတော့ အိပ်စက် သင့်ပါတယ်။ လူငယ်တွေ အနေနဲ့ ၈ နာရီနီးပါး အိပ်စက်ခြင်းက ပိုပြီး သင့်တော်ပါတယ်။ အိပ်စက်ခြင်းအားဖြင့် ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ပြန်လည် ပြည့်ဝစေပြီး စိတ်ဖိစီးမှုတွေကို လျော့ကျ စေပါတယ်။

(၂) လုပ်နိုင်စွမ်း ရှိတဲ့ အတိုင်းအတာကို သိပါစေ။


တစ်ခါတလေ အလုပ်တွေကို လောဘတကြီး လုပ်ရင်းက မနိုင်ဝန် ထမ်းထားရသလို ဖြစ်ပြီး ၀န်ပိတဲ့ ဒဏ်ကို ခံစားကြရပါတယ်။ အဲဒါကြောင့် ၀န်ထုပ်ဝန်ပိုး ဖြစ်မယ့် အပိုအလုပ်တွေကို “ဟင့်အင်း လို့ ငြင်းနိုင်စွမ်း ရှိဖို့ လိုပါတယ်။

(၃) သင့်တင့် မျှတစွာ စားသောက်ပါ။

အစား မကျူးပါနဲ့။ အစားအစာတွေကို ချင့်ချိန် ရွေးချယ်ပြီးမှ စားသောက်ဖို့ လိုပါတယ်။ ခန္ဓာကိုယ် အတွက် လိုအပ်မယ့် ကာဗိုဟိုက်ဒရိုက်၊ ပရိုတင်းနဲ့ ဗီတာမင်ဓာတ်တွေ သင့်တင့် မျှတစွာ ပါဝင်နေတဲ့ အစားအသောက်တွေကို နေ့စဉ် သုံးဆောင်ပါ။

(၄) လေ့ကျင့်ခန်း လုပ်ပါ။

လေ့ကျင့်ခန်း လုပ်ခြင်းက ကျန်းမာကြံ့ခိုင် သက်လုံ ကောင်းစေသလို စိတ်ဖိစီးမှုတွေကိုလည်း လျော့ကျ စေပါတယ်။ မနက်မိုးလင်း အိပ်ရာနိုးနိုးချင်း အနည်းဆုံး ၁၀ မိနစ်တော့ နေ့စဉ် ကိုယ်လက် လေ့ကျင့်ခန်း လုပ်ပါ။ လမ်းများများ လျှောက်ပါ။ ဓာတ်လှေကား အစား လှေကားကနေ အတက်အဆင်း လုပ်ပါ။

(၅) အစီအစဉ် ရေးဆွဲပါ။

ဘယ်သွားမယ်၊ ဘာလုပ်မယ် ဆိုတာတွေကို သေချာ အစီအစဉ် ရေးဆွဲ ထားခြင်းက အချိန်နဲ့ ငွေကို ချွေတာရာ ရောက်သလို စွမ်းအင်တွေ အလဟဿ ကုန်ဆုံးခြင်းမှလည်း ကာကွယ် ပေးပါတယ်။

(၆) အနားယူ အပန်းဖြေပါ။

ကြိုးကြိုးစားစား စိတ်အား ထက်သန်မှု အပြည့်နဲ့ အလုပ် လုပ်ပြီးတဲ့ အချိန်မှာ ပျော်စရာလေးတွေ အတွက် အချိန်သီးသန့် ပေးဖို့ လိုအပ်ပါတယ်။ သူငယ်ချင်းတွေ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ အတူ ပျော်ပျော်ပါးပါး အချိန်များ ကုန်ဆုံးပါစေ။ အလုပ် ကိစ္စတွေ အားလုံး စိတ်ထဲက ခဏ ထုတ်ထားလိုက်ပါ။

(၇) ရယ်မော ပျော်ရွှင်ပါ။


ကိုယ်တိုင် ပျော်ရွှင်စွာ နေထိုင်သလို တခြား သူများလည်း ရယ်မော ပျော်ရွှင်စေနိုင်ဖို့ ကြိုးစားပါ။ အသေးအမွှား အရာလေးတွေထဲမှာ ရယ်မော ပျော်ရွှင်စရာများ ရှာဖွေပါ။ မှားယွင်း ဆုံးရှုံးမှုတွေနဲ့ ကြုံရတဲ့ အခါ ရယ်မော ပျော်ရွှင်စွာ နေနိုင်အောင် ကြိုးစားပါ။

(၈)ခွင့်လွှတ်ပါ။

မုန်းတီး နာကြည်းခြင်းရဲ့ အကျိုး သက်ရောက်မှုက ကိုယ့်ကိုယ်ကိုသာ ဖြစ်တတ်ပါတယ်။ အမုန်းတွေ သယ်ပိုး ထားရတဲ့ အခါ စိတ်ဖိစီးမှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံစား ရတတ်ပါတယ်။ ခွင့်လွှတ်လိုက်ခြင်းကသာ လွတ်လပ် ပေါ့ပါးတဲ့ ပျော်ရွှင်မှုကို သယ်ဆောင် လာမှာပါ။

(၉) ဆုတောင်းပါ။(ဒါမှမဟုတ်) တရားထိုင်ပါ။

အိပ်ရာ ၀င်ခါနီးမှာ သမ္မာကျမ်းစာ ဖတ်တာမျိုး၊ ဒါမှမဟုတ် တရား ထိုင်တာမျိုးက လန်းဆန်း ကြည်လင်စွာ နိုးထခြင်းမျိုးကို ပေးစွမ်း နိုင်ပါတယ်။

(၁၀)လူအများနဲ့ ရင်းနှီး ခင်မင်စွာ ပေါင်းသင်းပါ။

ပွင့်လင်း ဖော်ရွေစွာ ဆက်ဆံတတ်တဲ့ လူတစ်ယောက် ဖြစ်ပါစေ။ လူအများနဲ့ စကားပြောပါ။ မေတ္တာရှိရာ မေတ္တာ လာတတ်ပါတယ်။

No comments:

Post a Comment